• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyalhospital.com

ယခုအချိန်အခါသည် မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလဖြစ်ပါသည်။ ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ယခင်ကထက်ပိုမိုဖြစ်ပွားနေသည်ကို အာရှတော်ဝင်ဆေးရုံဘက်မှ သတိပြုမိပါသည်။ ထို့ကြောင့် 7 days journal တွင်ဖော်ပြခဲ့သော ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်ကေသီထွန်း၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးကောင်းတစ်ပုဒ်ကို ဖေဖေမေမေတို့အတွက် တင်ပြလိုပါသည်။

ယခုရာသီတွင် ကလေးငယ်များ၌ နှာစေး၊ ချောင်းဆိုးခြင်းနှင့် ရင် ကျပ်ခြင်းစသော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ အဖြစ် များသောကြောင့် မိဘများအနေ ဖြင့် သတိပြုရန်လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကေသီထွန်း က ပြောသည်။

‘‘ဒီရာသီမှာ အဖြစ်များတဲ့ ရောဂါတွေ၊ ကစားကွင်းတွေမှာ သွားဆော့ပြီး နှာစေး၊ ချောင်းဆိုး ဖြစ်လို့ ဆေးခန်းလာပြတဲ့ ကလေး တွေအများကြီးရှိနေတယ်။ ဘောလုံးတွေထည့်ထားတဲ့ နေရာမှာ သွားကစားတာ၊ သားရေပြားတွေ ပေါ်မှာ သွားခုန်တာ။ ကလေးက စားကွင်းဆိုတော့ နှာစေး၊ ချောင်း ဆိုးနေတဲ့ မြို့ပြင်က ကလေးတွေ ရော၊ မြို့ထဲက ကလေးတွေရော ဒီမှာလာပြီးခုန်မယ်။ ဒါတွေက ကူးလွယ်တဲ့နေရာတွေပါ။ အဲဒီနေရာ တွေကနေ ကူးတာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ထို့ပြင် ကလေးများတွင် မကြာခဏအအေးမိခြင်း၊ ချောင်း ဆိုးခြင်းများ ဖြစ်ရသည့်အကြောင်း ရင်းနှင့်ပတ်သက်ပြီး ‘‘အခန်းထဲ မှာ ကလေးတွေ ကျပ်လွန်းလို့ ရယ်၊ ဆရာ၊ ဆရာမတွေနဲ့ မိဘ တွေက ချောင်းဆိုးတဲ့အခါမှာ အုပ်ပြီးမဆိုးကြတာရယ် တွေ့ရတယ်။ နောက်တစ်ချက်ကတော့ မကြာ ခဏနှာစေးလွယ်တဲ့ ကလေးလေး တွေက အေးတဲ့စာသင်ခန်းတွေက နေ ကျောင်းဆင်းတဲ့အချိန် ၂ နာရီ၊ ၃ နာရီမှာ အမေကဈေးဝယ်ဖို့ ဆိုပြီး နေပူထဲမှာကလေးကိုပတ် ပြီး ခေါ်သွားတယ်။ အဲဒီအပူနဲ့ အအေးကြားထဲမှာ ညဘက်ကျ ကလေးကနှာချေတယ်။ နှာရည် တရွှဲရွှဲကျတယ်။ နှာဈေးချောင်း ဆိုးကြာရင်းနဲ့ အအေးမိချောင်း ဆိုးတွေဖြစ်တာမျိုး ကျွန်မတို့မ ကြာမကြာ တွေ့ရတယ်။ ဒါတွေ နဲ့ပတ်သက်ပြီးတော့ ဂရုစိုက်ရပါ မယ်’’ဟု ၎င်းကပြောသည်။

အသက်ရှူလမ်းကြောင်း သည် နား၊ နှာခေါင်း၊ လည်ချောင်း မှ အဆုတ်အထိဆက်စပ်နေသော လမ်းကြောင်းဖြစ်သည်။ ဆေးလိပ် ငွေ့များ၊ ခြင်ဆေးခွေများ၊ မီးဖို ချောင်မီးခိုးများ၊ ကာဗွန်ပါသည့် အခိုးအငွေ့များ၊ ဖုန်မှုန့်များ၊ အနံ့ဆိုး များသည် ကလေးများ၏ အသက်ရှူလမ်းကြောင်းရှိ အမြှေးပါးများ ပျက်စီးစေကာ ယင်းအမြှေးပါး ပျက်စီးခြင်းကြောင့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးမွှားများသည် အသက်ရှူလမ်းကြောင်းမှတစ် ဆင့် ခန္ဓာကိုယ်ထဲသို့ အလွယ်တ ကူဝင်ရောက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့အပြင် ရောဂါပိုးရှိသော လူကြီးများက ကလေးသူငယ်များ ၏ ရှေ့တွင် နှာချေခြင်း၊ ချောင်း ဆိုးခြင်း၊ ကျယ်လောင်စွာစကား ပြောခြင်းနှင့် အသက်ရှူထုတ်ခြင်း တို့ကလည်း ကလေးသူငယ်များ ကို အလွယ်တကူကူးစက်နိုင်သည်။ ငယ်ရွယ်သည့် ကလေးငယ်များ၌ ဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရကာ ယင်းရောဂါသည် (၅) နှစ်အောက်ကလေးသူငယ်များ၌ တစ်နှစ်အတွင်း နှစ်ကြိမ်မှသုံးကြိမ် အထိ ဖြစ်ပွားတတ်ပြီး စောစီးစွာ သိရှိပြီး မကုသပါက အသက်ရှူ နှုန်းမြန်ခြင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်း နှင့် အသက်ရှူမ၀ခြင်းတို့ဖြစ်ကာ အသက်သေဆုံးနိုင်သည်။

ရောဂါလက္ခဏာများသည် နှာ စေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခြေဖျား လက်ဖျား နှင့် နှုတ်ခမ်းများပြာနှမ်းနေတတ် ခြင်း၊ အစာနှင့်ရေကို ကောင်းစွာ မသောက်နိုင်ခြင်းနှင့် မိခင်နို့ကို ကောင်းစွာမစို့နိုင်ခြင်းအပြင် ရင် ဘတ်များချိုင့်ဝင်ခြင်း၊ အသက်ရှူ နှုန်းမြန်ခြင်း၊ အသက်ရှူမ၀ခြင်း တို့ ဖြစ်သည်။

ထို့ကြောင့် ကလေးသူငယ် များ၏ ရှေ့တွင် ဆေးလိပ်သောက် ခြင်း၊ ခြင်ဆေးခွေထွန်းညှိခြင်းတို့ မှ ရှောင်ကြဉ်ခြင်း၊ ဖုန်နှင့် အမှုန် အမွှားများ ၀င်ရောက်ခြင်းတို့မှ ကာကွယ်ခြင်း၊ တစ်ကိုယ်ရေသန့် ရှင်းမှုနှင့် လေကောင်းလေသန့် ရရှိစေရန် ပြုလုပ်ပေးခြင်း၊ အာ ဟာရရှိပြီး သန့်ရှင်းလတ်ဆတ် သော ကျေညက်လွယ်သည့် အစား အစာများကျွေးခြင်း၊ ကာကွယ် ဆေးထိုးခြင်းနှင့် ရောဂါဖြစ်ပွားပါ က တတ်ကျွမ်းသော ဆရာဝန်များ နှင့် ထိရောက်စွာကုသသင့်သည်။

ထို့ပြင် ကလေးငယ်များတွင် ယခုရာသီ၌ ရင်ကျပ်ရောဂါဖြစ်ပွားမှုများကိုလည်း တွေ့လာရကြောင်း ဆရာဝန်ကြီးများက ပြောသည်။

‘‘ရင်ကျပ်တဲ့ကလေးအားလုံးက ရာသီအပြောင်းအလဲ ကြောင့် ကျပ်တာရှိတယ်။ အဆုတ်ထဲမှာပိုး ၀င်ပြီးတော့ ချွဲကပ်ပြီး ကျပ်တာရှိ တယ်။ နှာစေးတာကြာလာပြီးမှ ကျပ်လာတဲ့ကလေးတွေရှိတယ်။ ဒါမှမဟုတ်ရင် ကော်ဇောတွေရဲ့ ထောင့်မှာကပ်နေတဲ့ မှိုတွေရယ်၊ ပိုးမွှားတွေရယ် ဒါကိုရှူမိတယ်။ ကျောင်းမှာကလေးတွေကို တံမြက်စည်း လှည်းခိုင်းလိုက်မိတယ်။ အိမ်ရှေ့ မှာ အိမ်ဆောက်တယ်။ ကျွန်မတို့ သံမှုန်တွေ၊ ဘိလပ်မြေအမှုန်တွေ ၀င်တယ်။ အဲဒီလိုတွေကြောင့် ကျပ်တဲ့ဟာတွေရှိပါတယ်။ ဒါ ကြောင့် ဒါလေးတွေက ရှောင်ရှား ရမယ့်ကိစ္စတွေပါ။ သတိထားဖို့ လိုပါတယ်’’ဟု ဒေါက်တာကေသီ ထွန်းက ပြောသည်။

ရင်ကျပ်ရောဂါသည် အဆုတ်လေပြွန်ငယ်များ ကျဉ်းမြောင်း သွားသဖြင့် အသက်ရှူရ ခက်သော ရောဂါတစ်မျိုးဖြစ်သည်။ သာမန်အချိန် ရှူသွင်းလိုက် သည့်လေသည် အတားအဆီးမရှိဘဲ အဆုံးထိအတွင်းသို့ ၀င်ရောက်နိုင်သော်လည်း ပန်းနာရင်ကျပ်ထချိန်တွင် လေပြွန်ငယ်များရောင်ခြင်း၊ ကြွက်သားများကျုံ့ခြင်းနှင့် ချွဲသလိပ်များ ထွက်ခြင်းကြောင့် လေပြွန်ကျဉ်း မြောင်းပိတ်ဆို့ပြီး လေရှူထုတ်ဖို့ ခက်ခဲကာ အသက်အန္တရာယ်စိုး ရိမ်သည်အထိ ဖြစ်တတ်သည်။

‘‘ကလေးရင်ကျပ်တဲ့အခါမှာ များသောအားဖြင့် အမေတော်တော်များက ဒါနည်းနည်းလေး ချောင်းဆိုးနေကျပဲ။ ခဏလေး ထားလိုက်ပါဦးမယ်ဆိုပြီး ဖြစ် တတ်တယ်။ ရှူဆေး ရှူနေရတဲ့ အမေကတော့ နည်းနည်းသက် သာလို သက်သာငြား ကလေးကို ရှူဆေးပေးရှူလေ့ရှိတယ်။ ဒါက မှန်ကန်တဲ့အချက်တစ်ချက်ပါ။ ရှူ ဆေးနဲ့ပတ်သက်ရင် ကလေးကို ထိခိုက်မှာလား အမေတွေက မေး လေ့ရှိတယ်။ ရှူဆေးဟာဆိုရင် ရှူ တဲ့အမှုန်ကို သေးသေးလေးဖြစ် အောင် အဆုတ်ထဲကို မှုတ်သွင်း ပေးလိုက်တာပါ။ နောက်ထပ် နှစ် နာရီကြာရင် ဒီအဆုတ်ထဲမှာ လုံးဝမရှိတော့ဘဲ ခန္ဓာကိုယ်ကနေ ပြန် ထွက်သွားမှာ။ ဒါ့ကြောင့် ရှူဆေး ရှူဖို့ လုံးဝမကြောက်ဖို့ လိုပါတယ်’’ ဟု ပါမောက္ခဒေါက်တာကေသီ ထွန်းက တိုက်တွန်းသည်။

Credit # ပါမောက္ခဒေါက်တာကေသီထွန်း
7 days news journal

=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-2304999 နှင့် 01-538055 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၂၃၀၄၉၉၉ ၊ ၀၁-၅၃၈၀၅၅။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital